Tuesday, December 30, 2008

အဆုံးရဲ့ ပထမနေ့


လေနှင်ရာ မျောပါတတ်တဲ့
ခပ်ညံ့ညံ့ သစ်ရွက်အချို့
အဲဒီနေ့က မိုးမရွာ
လျှပ်စီးမလျပ် ပါပဲ
ထင်ကျန်ခဲ့တဲ့ နံရံထက်က
ပင့်ကူခြေရာတွေ...
ငါဟာ တစ္ဆေသရဲ တစ်ကောင်နဲ့
ညအတူရှိတုန်း.......
ငါ့ နှလုံး သွေးဆာလောင်မူကို
ဖောက်ခွဲ ထုတ်လိုက်တဲ့
မင်းရဲ့ခါးသက်သက်အပြုံး.....။

ငါ့မျက်ဝန်းအိမ်ထဲတိုး ၀င်လာတဲ့
မင်းလှောင်ရီသံအချို့ နဲ့
ကြွေလွင့်နှင်းဆီချေရာ
နေ့ရက်တွေထဲ ငါမုန်းတဲ့ တစ်ရက်တိုးလာခဲ့ပေါ့.......

ငါ့သိပ်မုန်းတဲ့ အဲဒီနေ့
စုတ်ဖြဲလိုက်တဲ့ ပြက္ခဒိန်က အဲဒီနေ့တွေ
ကျေးဇူးပြုပြီး
ငါ့ဆီတစ်ခါပြန်မလာပါနဲ့တော့......။

Friday, December 26, 2008

“Merry Christmas”


နှင်းနုအေး မြူနှင်းဖွေးတို့
ကိုယ့်မျက်နှာထက် ပွတ်သပ်ဆော့ကစားရင်း
ခရစ်စမတ်မနက်ခင်းမှာ
နှုတ်ဆက် တေးသီကြ
နှစ်သစ်ရဲ့ တမန်တော်အလား
ပျော်ရွှင်မြူးတူးလို့
ကိုယ့် ရင်ထဲ အမည်မသိ
ပေါ့ပါး လွင့်မျောလိုက် ပါမိတဲ့
ဒီနေ့.......

အားလုံး ပဲ ပျော်ရွှင်ကြပါစေလို့
ခရစ်စမတ်ဘိုးဘိုးနဲ့ သူငယ်ချင်းတွေကို
နုတ်ဆက်လိုက်တယ်။
“မယ်ရီခရစ်စမတ်ပါကွယ်”

Monday, December 22, 2008

ကြွေလွင့်ပုံရိပ် သို့....


ကျွန်တော်တို့ ညီအစ်ကို ဟာ ဟိုငယ်ငယ်သူငယ်တန်းကတည်းက စပြီး အလယ်တန်း ၇ တန်းကျောင်းသား ဘ၀ အထိ ကျောင်းဝင်နံပါတ်ရှေ့နောက် စားပွဲခြင်း အတူတကွကပ်ထိုင်းရင်းကျောင်းတက်ခဲ့သူတွေပါ။ထိုကြောင့်
ညီအစ်ကို နှစ်ယောက် ကျောင်းသွားအတူတူ ကစားအတူတူ နဲ့ အခန်းဖော် သူငယ်ချင်း ညီအစ်ကို အဖြစ်ပေါင်း
ခဲ့သူတွေဆိုလည်းမမှားပေ။ညီအစ်ကို သုံးယောက်ရှိတဲ့အနက်က ကျွန်တော် တို့ နှစ်ယောက်ကအငယ်တွေဆို
ပိုနီးကပ်စွာနေထိုင်ခဲ့ကြသူဖြစ်တယ်။ ညီအစ်ကိုသုံး ယောက် စလုံးကလည်းတစ်ယောက်ကို တစ်ယောက်နား
လည်မူပေးနိုင်စွမ်းတဲ့ဘ၀တူ ညီအစ်ကိုတွေ ဖြစ်ပါတယ်။

(၁)
အစ်ကို မင်းမှတ်မိသေးလား
ဆင်းရဲနွမ်းပါးတဲ့ တို့မိသားစု ဘ၀ကိုလေ
မျက်နှာမွှဲလေးတွေမို့ အမျိုးက အသိအမှတ်မပြုခဲ့တာတွေ
မိဘ မစုံလင်ပေမဲ့လည်း တို့ မှာကိုယ်လက်အင်္ဂါစုံရခဲ့တယ်......

အစ်ကို မင်းမှတ်မိသေးလား
ထမင်းတစ်ဗူး အတူစား ပျော်ရွှင်ခဲ့တဲ့
မူလတန်းကလေးဘ၀ကိုလေ
အကောင်သေးသေးလူဗလံလေးငါ့ကို
တခြားကလေးအနိုင့်ကျင့်ရင် မင်းဝင်ချခဲ့တာတွေ......

အစ်ကို မင်းမှတ်မိသေးလား
စာမတော်ခဲ့ပေမဲ့ တစ်တန်းတည်းတစ်ခန်းတည်း
ခုံနဘေး အတူကပ်ထိုင်ခဲ့ကျတာ စာမဖြေနိုင်တဲ့အခါ
“ဆီလိုအပေါက်ရှာ ညီအစ်ကို နှစ်ယောက်ဟာ ဒီကိုရောက်လာ”
ဆရာရဲ့ စကားစပ် ကြိမ်ဒဏ်ပေးပုံလေ
ဒဏ်ပေးခံလည်း တူတူမို့ အရှက်ဖော်ရခဲ့တာတွေ......

အစ်ကို မင်းမှတ်မိသေးလာ
ငါ့ပခုံးကို မင်းဖက်လို့ ကျောင်းစရိတ်သွားတောင်းတိုင်း
အဖေရင်း အိမ်က ဂေါတမီမျက်နှာကိုလေ
ငါတော့မော်မကြည့်ခဲ့ဘူးဖူး.....
လစဉ်အမြဲမို့ သူ့ မျက်နှာငြူစူနေမှာတွေ.....

(၂)
အစ်ကို မင်းမေ့နိုင်ပါ့မလား
မိသားစု စီးပွါးရေးကျပ်တည်းလွန်းလို့
အလယ်တန်းကျောင်းသားဘ၀မှာ
မင်း ကျောင်းထွတ်သွားတော့
အကြိမ်ကြိမ် အောင်စာရင်း ကျရူံးခဲ့တဲ့ငါ့ကို
ပညာရှာ အလေးထားဖို့ မင်းအားပေးခဲ့တာတွေ.....

အစ်ကို မင်းမေ့နိုင်ပါ့မလား
ဒီလိုနဲ့ မင်းဘ၀ရဲ့ တစ်ဆစ်ချိုးကွေ့မှာ
ရုန်းကန်လှုပ်ရှားရင်း ဘ၀ဒဿန တွေနဲ့
ဇတ်ကွက်ပေါင်းစုံကို ရှင်းပြလို့ ငါစိတ်မကောင်းခဲ့ရတာတွေ
ဘယ်တော့မှ မမေ့ဖျောက်နိုင်အောင် မင်းစကားလုံးတိုင်း
ငါ ရင်မှာ သံမှိုနှက်ခဲ့တာတွေ........

အစ်ကို မင်းမေ့နိုင်ပါ့မလား
တို့တစ်တွေဒီလိုနဲ့ သိပ်မကြာခင်မှာပဲ
မင်းဘ၀ ခရီးတိုလေးထဲ
ဘယ်လို့မှ မယုံကြည်နိုင်လောက်အောင်
ကံကြမ္မာ ဆိုးက တို့ ညီကို တွေကို
ုပြန်မဆုံနိုင်အောင် ခွဲခွါလိုက်ကျတယ်
ငါဟာ အသက်ရူနေသမျှ ကာလပတ်လုံး
မနေ့က ဖြစ်ပျက်ခဲ့သလို့ပဲ ထင်ယောင်ထင်မှားနဲ့
အိမ်မက်ထဲမှာ မင်းလက်လေးကို ဖွဖွလေးဆုတ်ကိုင်ပေးနေဆဲပဲ

(၃)
အစ်ကို မင်းသိနိုင်ပ့ါမလား
မင်းနဲ့ပတ်သက်တဲ့မေ့မရခြင်းတွေက
ငါဘ၀အတွက် အရာရာမှာ ဖြစ်တည်ခဲ့တယ်
ရောက်လေရာ မင်းဓါတ်ပုံလေး ဆောင်လို့
ဘယ်ခရီးမဆို ငါနဲ့ အတူမင်းသွားဖူးခဲ့တာတွေ.......

အစ်ကို မင်းသိနိုင်ပါ့မလား
စကားလုံးတွေမဲ့နေတဲ့ ဟိုး.....ရပ်ဝေးဆီက
အပြာရောင်ကောင်ကင်ကြီးအောက်ခြေ
ပြာလွင့်လွင့် အုတ်ဂူလေးထဲမှာ
တစ်ကိုယ်တည်း အထီးကျန်နေတဲ့ မင်းကို
နှစ်စဉ် အဖော်ပြုပေးရင်း မင်းအုတ်ဂူလေးအရောင်ဖွေးစေဖို့
ငါဆေးသုတ်ပေးနေခဲ့တာတွေ.........

အစ်ကို မင်းသိနိုင်ပါ့မလား
ခုတော့ တို့တွေ တစ်မြေစီခြားလို့
ပြန်မဆုံနိုင်တဲ့ လမ်းထက် ကျောခိုင်းလျောက်ခဲ့ခြင်းတွေ
မင်းထွန်းညှိပေးခဲ့တဲ့ အလင်းရောင်အောက်မှာ
ကြိုစားရင်း လျောက်လှမ်း နေတဲ့
ငါ့ဘ၀ရဲ့ အဆိုးအကောင်းတွေ....အကြောင်း

နောက်ဆုံးမှာတော့ အစ်ကိုရေ
ငါတို့တစ်တွေ တစ်နေ့တော့ ပြန်ဆုံကြရမှာပါ
အချိန်တွေဟာပြောင်းလဲရွေ့လျားနေတဲ့
မိုးကုတ်စက်ဝိုင်းကြီး အောက်မှာလူဆိုတဲ့ ဒီခန္ဓာဟာ
ထွက်သက်ဝင်သက်ကလေးတွေမရပ်ခင်အချိန်ထိ
ဒဏ်ရာအနာတရလေးတွေနဲ့
ရှင်သန်ရပ်တည်နေကြရအုံးမှာပါ ဆိုတာကိုလေ။


အစ်ကိုဟာ ခံယူချက်ပြင်းထန်သူ ကိုယ်အားကိုယ်ကိုးသူ ငါ့ဟာ ဘုရင့်နောင်ဖောင် ဖျက်သလို ငါဘ၀ကိုရုန်းကန်
ရမယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့အရွယ်မတိုင်မှီ ပညာ မစုံမှီမှာတင် ကျောင်းထွက်ပြီး ဟို....... ရပ်ဝေး အဖေ့အမျိုးတွေ
ရှိတဲ့ တရွာတကျေးမှာ ဘ၀ကို နှစ်မြုပ်ပြီးစီးပွါးရှာဖို့ ထွက်ခွါသွားခဲ့ပါတယ်။ပြက္ခဒိန်စာမျက်နှာတွေ တစ်ရွက်ပြီး
တစ်ရွက် ကုန်းဆုံးသွားတယ် အချိန်တွေဟာ မနေ့တစ်နေ့ကလိုပါပဲ သူထွက်ခွါသွားပြီး ၂ နှစ်ခြားတခါလောက် ၃နှစ်ခြား တစ်ခါလောက် မိသားစုနဲ့ တွေ့ဖို့ သူပြန်ရောက်လာခဲ့တယ်။

တခုသောနှစ်သစ် ဆောင်းတွင်း ဇန်န၀ါရီလ ရဲ့ လဆန်းပိုင်း မှတ်မှတ်ရရ ၂ ရက်နေ့မှာ အစ်ကို ရဲ့ ကျန်းမာရေး အခြေအနေ စိုးရိမ်ရတယ် ကင်ဆာဖြစ်နေပြီးထင်တယ်လို့ ဦးလေးကအကြောင်းကြားလာတယ်။ရုတ်တရက်
အရာရာဟာ မျက်စိထဲမှာေ၀၀ါးသွားသလို ဘာမှ မမြင်လိုက်တော့ဘူး မယုံကြည်နိုင်ခြင်း ၀မ်းနည်းခြင်းတွေနဲ့
အစ်ကိုရှိရာ ခရီးအရပ်ကို အပြေးသွားခဲ့တယ်။

ဘ၀နဲချီလို့ ဒီလိုအကျဉ်းတန်တဲ့ ဆောင်းတစ်ခုက ကိုယ်ရင်ထဲ ကို အမှတ်မထင်ဝင်ရောက်ဖူးသွား ပြီးဆိုတာ နောင်မှ လက်ခံလိုက်မိတယ်။အအေးဒဏ်က ပြင်းလွန်တော့ ၀တ်ထားတဲ့ အ၀တ်အစားတွေပါ အေးစက်လာ
သလို ထိတွေ့ခံစားမိတယ်။ချမ်းအေးလှတဲ့ ကယားပြည်နယ်လွိုင်ကော်မြို့မှ တစ်နာရီကျော်ကား စီးပြီးမြို့ငယ်လေး
တစ်မြို့ ကို မိုးမလင်းခင် ပထမဦးဆုံး ရောက် ခဲ့ဖူးပါတယ်။ဒီလို အချိန်မှာ အိပ်ယာထက်မှာ မှေးစက်နေရရှာသော အစ်ကို ကို တွေ့မြင်လိုက်ရတဲ့ တဒင်္ဂမှာဝမ်းနည်းပူဆွေးခြင်းတွေဂရုဏာသက်ခြင်းတွေနဲ့ စို့တက်လာတဲ့မျက်ရည်
စတွေကို သူမမြင်အောင်ထိန်းရင်း ရွှင်ရွှင်လန်းလန်းလေ ကျွန်တော် ပြူံးပြလိုက်တယ်။

မတွေ့တာကြာခဲ့ဖြစ်တဲ့ နှစ်တွေအကြားက အကြောင်းတွေကို စကားတွေဖောင်ဖွဲပြီးကျွန်တော်ပြောပေးနေတော့
သူ ကျေကျေနပ်နပ် နားထောင်နေခဲ့တယ်။သူရင်ထဲက ခံစားချက်တစ်ခုကို ကျွန်တော် နားလည်မိလိုက်တယ်
သူညီဖြစ်တဲ့ ကျွန်တော့်ကို နှစ်တွေအရှည်ကြီးခွဲခွါပြီး စိတ်မကောင်းဝမ်းနည်းစရာအချိန်ကျမှာ ပြန်တွေ့ဆုံခြင်း
အတွက် သူမှာအားမလိုအားမရဖြစ်နေပုံပါပဲ။ သူရဲ့ မြို့ငယ်လေးက သာယာ ပြီးချစ်ခင်စရာ ကောင်းတဲ့ တိုင်းရင်း တွေရှိကြောင်းဘုရားပွဲ တွေမှာ၊ဈေးနေ့ တွေမှာ ဈေးလိုက်ရောင်းတဲ့ အခါ ဘယ်လိုဘယ်ပုံ ပျော်ရွင်စရာ ကောင်း
တဲ့ အကြောင်းတွေ သူ တဖြေးဖြေးခြင်းပြောပြတော့ကျွန်တော် အပျော်တ၀က် ရင်ထဲက အငိုတ၀က်နဲ့ သူ့စကား
တွေ နားထောင်ပေးခဲ့ပါတယ်။

မြို့ငယ်လေးတစ်မြို့ရဲ့ ဆောင်းလေ တအေးအေးစိမ့် တိုက်တဲ့ ရာသီနှင့်အတူ အစ်ကို နဘေးမှာ ကျွန်တော်ရှိခဲ့
ဘူးပြီ။သူအိမ် ရဲ့အနောက်ဖက်မှာ အင်းလေကန်နဲစပ်လျက် ကန်ရေပြင်ကျယ်ကြီးရှိတယ်။ကမ်းစပ်နား တစ်နေရာ
လေးမှာမနက်ခင်း တစ်ခုရဲ့ နေပူဆာလုံရင်း ဒီကန်ထဲမှာသူအပါအ၀င် ဦးလေးတို့ အင်းထဲကို အသွားလှေနှစ်ဖူးတဲ့
အကြောင်းကိုသူပြောပြတယ်။ ရေနှစ်ပြီး သေဖို့ ကံမပါခဲ့တဲ့ အကြောင်း နောက်တော့ရေကူး ကျွမ်းကျင်လာတဲ့
အကြောင်းကို ရီမောရင်း သူပြုံးရွင်စွာ ပြောပြခဲ့နေခဲ့တယ်။
သူအနားမှာ ပြုစုပေးရင်း နှစ်ရက်ခန့် အကြာမှာ အခြေအနေ ဆိုးဝါးစွာ ကြိတ်မှိတ်ခံစားနေရတာကို ကျွန်တော်
မကြည့်ရက်တော့ပါဘူး။လွိုင်ကော်မြို့မှာ ရှိတဲ့ ဦးတွေ ဆီသွားဖို့ ဆုံးဖြတ်လိုက်တယ်။ မြို့ပေါ်ရောက်တဲ့ အဲဒီ ညမှာ ပဲ သူအသည်းအသန် ဝေဒနာဆိုးဝါးလာတော့လွိုင်ကော်ဆေးရုံကြီးကို အမြန်တင်လိုက်ပါတယ်။အစ်ကို ဘေးမှာ
တိတ်ဆိတ်ဆိတ် လေးနဲ့ နွေထွေးစေဖို့ ဂရုစိုက်ပေးရင်း အလွတ်ရနေတဲ့ အန္တရယ်ကင်း (၂၄) ပစ္စည်း ပဋ္ဌာန်းကို
သတိမပျက် တစ်ညလုံးရွတ်ပေးနေမိတယ်။

အကြိမ်ကြိမ်စုတောင်းပေးတယ် သူဝေဒနာသက်သာပါစေ သူခံစားနေရတာကြည့်ပြီး ကိုယ်ပါလိုက်ခံစားနေရသ
လိုပဲ မျှဝေ ခံစားပေးနေမိတယ်။ဒီလို ရန်ကုန်မြိုနဲ့ ဝေးလွန်းတဲ့ ဒီဆေးရုံ ကြီးပေါ်မှာ ညီအစ်ကို နှစ်ယောက် တည်း
သောကများနေရတယ်။ဆရာဝန်တွေ ဆေးစစ်ချက်ကလည်း နောက်ဆုံးဒီအဖြေပါပဲ ဘယ်လိုမှ ကုသလို့ မရ
တော့ပါဘူး ရောဂါကျွမ်းနေပါပြီ အများဆုံးခံ ၆လ လို့ပဲ ပြောနေကြတယ် အစ်ကိုရေ လို့ ကျွန်တော် ပါးစပ်က
သူ့ ကို ဖွင့်မပြောရက်ခဲ့ပါဘူး။

ကျွန်တော် သူကို အတတ်နိုင်ဆုံး ကယ်မယ် နောက်ဆုံးသူဝေဒနာ သက်သာတဲ့ အထိကုမယ်လို့ ယုံကြည်ချက်
တွေနဲ့ သူ့ကို ရန်ကုန်ဆေးရုံသစ် မှာ ကုသဖို့ ရန်ကုန်ကို လှမ်းစီစဉ်တယ်။လွိုင်ကော် - ရန်ကုန်လေယာဉ်စီး ပြီး ညီအစ်ကို နှစ်ယောက်ပြန်ခဲ့တယ်။
အဲဒီနောက်မှာ ရန်ကုန်ဆေးရုံ သစ်ရဲ့ surgical ခွဲစိတ်ဆောင် လူနာကုတင် နံပါတ်၂၁ မှာ သူလှဲလျောင်း အနား
ယူ အိပ်စက်နေရပြီး သူနဘေး ကုတင် အလွတ်မှာလည်း ကျွန်တော် ညစဉ် အိပ်စက်ခဲ့ဘူးတယ်။ သုံး လလောက်
အပြင်းအထန် ဝေဒနာ နှိပ်စက်ဒဏ်ကို မလှုပ်မယှက်နိုင် ငြိမ်သက်စွာ ကုတင်ထက်မှာ တိတ်ဆိတ်နေတဲ့အစ်ကို၊ မြင်မကောင်းအောင်ဆေးထိုးအပ်တွေ ပိုက်ပေါင်းစုံတွေက သူခန္ဒာကိုယ် အနှံ့ သွယ်တန်းလျက်ပေါ့ အစ်ကိုရေ ကျွန်တော်လည်းလေ အကြောရှာ ဆေးထိုးအပ်ကိုင် အတော်ကျွမ်းကျင်လာတယ်သိလား။စကားဟဟ မပြောနိုင်
တဲ့ အခါ သူအဆင်ပြေကြောင်းကို လက်မလေး ထောင်ထောင်ပြရင် ကျွန်တော်လုပ်ပေးတာတွေ အဆင်ပြေ ကျေနပ်ကြောင်း ကျေးဇူးတင်အားနာတဲ့မျက်လုံးလေးတွေနဲ့ ကြည့်ရှာပါတယ်။အစ်ကို ဖြစ်ချင်တာ လုပ်ချင်တာ
လေးတွေကို သူဘာမှ မပြောဘဲ ကျွန်တော်စိတ်က အလိုလိုသိနေတာတွေကို ကြည့်ပြီး စိတ်သက်သာရာရတယ်။
သူပြောချင်တာ အမေရယ် ဆွေမျိုးတွေရယ် နားမလည်ခဲ့ရင် ကျွန်တော် ကသူ့အမူအယာ အဓိပ္ပါယ်ကို စကားပြန်ပေးရတယ်။

ဝေဒနာတွေ ရင့်မှည်လာပြီ ကြွေချိန်မတန်ခင် ကြွေ ရပါတော့မယ် ဆေးဝါးအစွမ်းတွေလည်း သူဝေဒနာကို မတိုး
တော့ပါဘူး တနေ့တခြား လူလုံးပျောက်လှနေပါပြီ။တခါတရံ သူသတိလစ်တတ်နေပါပြီ အဲလိုအချိန်တွေမှာ
ကျွန်တော်လည်း ဆရာဝန်ခေါ်ဝိုင်းကူပေး မျက်ရည်ကျတတ်ရုံပဲ တတ်နိုင်တော့တယ် ဆိုတာ သူသိနိုင်မယ်မထင်
တော့ပါဘူး။ဒီလိုနဲ့ပဲ သူဘ၀ခရီးနောက်ဆုံး ချိန်လေးကို နွမ်းလှစွာ စောင့်ဆိုင်းနေတဲ့ နာတာရှည်ရောဂါသည်
်ကြီးဖြစ်နေခဲ့ပါပြီ။
x x x
ဆင်းဆင်းရဲရဲအပင်ပန်းခံ ပြီး လောကဓံကို ရင်ဆိုင်ခဲ့သူ အစ်ကို့ဆန္ဒအရ သူပြန်နေချင်တဲ့ သူအိမ်လေး.... သူအိပ်ခန်း ပြတင်းတံခါးဖွင့်လျင် မြင်နေရတဲ့ ညိုမှိုင်းနေတဲ့တောင်တန်းတွေအောက် က အင်းလေးကန်ကို
ငေးမောနေချင်ခဲ့တယ်ဆိုတဲ့ အစ်ကို မင်းဆန္ဒတွေ ဖြည့်ဆီးပေးရခဲ့ရလို့ ငါကျေနပ်ခဲ့ပါတယ်။အစ်ကို ရေ မင်းဟာ
မိသားစုအပေါ် မေတ္တာခွန်အား ကြီးမားခဲ့တဲ့ သူ မင်းရဲ့ အသက်ငွေ့ငွေ့ လေးနောက်ဆုံး ရူ ရိုက်အပြီး လက်ပြ
နူတ်ဆက်သွားတဲ့ မင်းပုံရိပ်လေးကို ငါဘယ်တော့မှ မေ့နိုင်မှာမဟုတ် ဘူးဆိုတာ မင်းလက်ကလေး ဆုတ်ကိုင်ရင်း မျက်ရည်ကြားက အရာခပ်သိမ်းအတွက် စိတ်ချဖို့ ငါ ကတိပြုသစ္စာဆိုလိုက်ပါတယ်ကွာ။
x x x x

Monday, December 15, 2008

“ဆောင်းတွင်းအိမ်မက်”


ကဲ ...စာတွေရေးမယ်ဟေးးးးး

စကားလုံး ကြီးကြီးတွေ
မနိုင်မနင်း သယ်
ဟိုး ....အမြင့်ကပြစ်ချဖို့ ကြိုးစား ...
စိတ်ကူးစကားလုံးတွေနဲ့
လောကကြီးကို ခဏခဏကိုင်ပေါက် ...
အဲလိုနဲ့...........

အင်း ....ကိုယ်ဘလော့ဂ်လေးမှာပုံတွေနဲ့ အကြောင်းအရာတွေပိုစ့်တွေတင်မယ်ပေါ့ ဗျာ
တကယ်ရေးမယ်ဆိုတော့ စာတွေက မနည်းမနှောလား စကားလုံးများစွာ
စာမျက်နှာပေါင်းများစွာ စာမျက်နှာ ၂ရွက်ခန့် ရေးဖြစ်သွားတယ် အဟက် ဟက်။

ဒီပိုး နဲ့ ဘာပဲလုပ်လုပ် စာသားတို လေးတွေခံစားရ ကောက်ရေးလိုက်။ ရေးပြီးသားစာတွေ ပြန်ပြီးဖတ်
ပြီးတော့ ဖျက်ရမယ့် နေရာတွေဖျက် ...
အဲလိုနဲ့ ဖတ်လိုက်ဖျက်လိုက်နဲ့ ပဲ ရေးထားတဲ့ အကြောင်းအရာလေးတွေက
တုံးတိတိလေးတွေဖြစ်ကုန်ဘာလရောကွယ်.....

ကိုယ်ဘလော့ဂ်ကလည်း စကတည်းက စမ်းသပ်လိုက်တာ အတော်ကြာနေဘီပဲ။
အဲလို
အစမ်းသပ်ကာလ ကလဲ အတော်ကြာနေဘီဆိုတော့။ကိုယ့်ဘလော့ဂ်တောင်ကိုယ်ပြန်မဖွင့်ကြည့်ခဲ့ မဖွင့်ကြည့် ရဲ ခဲ့။
အခုလို ချမ်းအေးလှတဲ့ ဒီလိုဆောင်းတစ်ညမှာ မမျော်လင့်ပဲ လမ်းမှာ ရုတ်တရက် တွေ့လိုက်ရတဲ့ ရည်းစားဟောင်းမျက်နှာကို မရဲတရဲ ခိုးကြည့်လိုက်
ရသလိုပဲ စာရေးခြင်းက ဂယောက်ဂယက် နိုင်လှပါလားကွယ်။

Tuesday, December 2, 2008

“ကျွန်တော်မုန်းတဲ့ ကျွန်တော့်အကြောင်း (၁ဝ)ချက် ”



(၁) ကမ္ဘာကြီး ပျက်တော့မည် ကြားသဖြင့် ပျော်ရွှင် နေခြင်း။
(၂) မြန်မာစာကို မြန်မာလို တိုက်ရိုက် ဘာသာပြန်ဆိုရာတွင် ဆိုလိုရင်းမရောက်ခြင်း။
(၃) ဤသို အရည်အချင်းအပြည့်အစုံနှင့် ဘာမှလည်း မသိ ဘာမှလည်းမတတ်ပါပဲ လက်ဆော့ပြီး ဘလော့်ဂါ မိခြင်း။ :D
(၄) ပတ်ဝန်းကျင်က ကျွန်တော် နှင့် အဆင်ပြေအောင် လာမပေါင်းသင်း ကျခြင်း။
(၅) ရုံးပိတ်ရက် ဆိုလျှင်အမြင်ကပ်ချင်စရာကောင်းလောက်အောင် မနက်ဆို အစောကြီးနိုးနေတတ် မျက်စိ ပွင့်နေတတ်ခြင်း။
(၆) ကြိုက်ပါလျက် ကြောက်ကြောက်နှင့် သဲထိတ်ရင် ဖို ဒေဝေါး ကားများ အငမ်းမရကြည့်ခြင်း။
(၇) အလုပ် လုပ်လျှင် စာဖတ်လျှင် အိပ်ဆေးစားထားသကဲ့သို့ မထိန်းနိုင် မသိမ်းနိုင် အိပ်ငိုက်ခြင်း။
(၈) အလွန်တရာ မေ့တတ်ဟန်ဆောင်တတ်သော ကျွန်တော်၏ စိတ်က ချေးငှားထားသော သူများအကြွေးများပေးရန်မေ့နေတတ်ခြင်း။:D
(၉) အထက်ပါ အကြောင်းအရာများ ပြည့်စုံပြီး စိတ်သဘောထား အလွန်းကောင်းသူ သူတစ်ပါးအား ချောက်ချရမည် ဆိုလျင် ပျော်နေတတ်သည်။
(၁၀)
“မုန်းစရာကြီး.....မုန်းစရာကြီး”ဤသို့ မုန်းစရာ များ ကိုယ်တိုင်ရှာ မိသော် ၁၀ ချက်မက ကျော်သွားနိုင်ပေသည်။


ကျေးဇူးတင်လွှာ။

ယခုကျွန်တော် ဒီဘလော့်လေးကို စမ်းသပ်နေစဉ် အတွင်းမှာပဲ ကျွန်တော့်ကို ပွဲထုတ်ပေးတဲ့ ဘလော့်ဂါ နိုင်းနိုင်းစနေ ဆီ မှ ဒီခေါင်းစဉ်ပါ tag လေးတစ်ခုကို လက်ခံရရှိခဲ့ပါတယ်။
တချိန်တည်းမှာပဲ ဘလော့်ဂါ ဆရာကြီး ဆရာမကြီးများ၊ညီအစ်ကိုမောင်နှစ်မများ
ရဲ့ ခင်မင်မှု့ အသိအမှတ် လေးများတွေ့ ရသည့် အတွက် လှိုက်လှဲစွာ ၀မ်းသာဂုဏ်ယူပါတယ်။
အားမနာတမ်း ပြစ်တင်ဝေဖန်နိုင်ပါသည်။

ကျေးဇူးအထူးတင်ရှိပါတယ်။
ပျော်ရွှင် နိုင်ကျပါစေ။
ဟိန်းဇော်မောင်